အဆစ်လွဲတာကို သက်သာစေဖို့ နည်းလမ်းကောင်းတစ်ခု
လူမှန်နေရာမှန် ရှိဖို့ လိုအပ်တဲ့ဆိုတဲ့အတိုင်း အဆစ်တွေကလဲ သူ့နေရာနဲ့သူ အံဝင်ခွင်ကျ ရှိနေဖို့ လိုပါတယ်။
တကယ်လို့ မမျှော်လင့်ပဲ အဆစ်တွေလွဲသွားတယ်… နဂိုရှိနေတဲ့ နေရာကနေ သွေဖယ်သွားတယ်ဆိုရင်တော့ ဒါကို ဆေးပညာအရ Dislocation (အဆစ်လွဲခြင်း) လို့ ပြောပြီး ဒါဟာ လူအများစု ကြုံနိုင်တဲ့ အရိုးအဆစ်ပြဿနာတစ်ခုပါပဲ။
အဆစ်လွဲတတ်တဲ့ နေရာတွေကတော့
- လက်ချောင်း၊
- တံတောင်ဆစ်၊
- ဒူး၊
- ပခုံးနဲ့
- တင်ပဆုံရိုးမှာ အဖြစ်များပါတယ်။
လက်လေးတွေ တဖျောက်ဖျောက်နဲ့ ချိုးတဲ့အခါ၊ မတော်တဆ ထိခိုက်မိတဲ့အခါ၊ တစ်ခုခုဒဏ်ဖြစ်တဲ့အခါမှာ အဆစ်လွဲတတ်ပါတယ်။
အဆစ်လွဲတာကို မြင်ရတာလဲ ရှိသလို တခါတလေမှာတော့ မမြင်ရပဲ အဆစ်နေရာကနေ ဖောင်းလာတာ၊ ရောင်ပြီး နီလာတာ၊ နာပြီး လှုပ်မရတာ၊ ထုံကျဉ်တာမျိုး တွေ့ရတတ်ပါတယ်။
တကယ်လို့ မတော်တဆ အဆစ်လွဲခဲ့ရင် အမြန်ဆုံး သက်သာအောင် ဘယ်လိုလုပ်မလဲ?
အဆစ်လွဲတာကို အကောင်းဆုံး သက်သာဖို့ အသုံးများတဲ့ နည်းလမ်းကတော့ RICE ဖြစ်ပါတယ်။
R - Rest (အနားယူပါ)
အဆစ်လွဲတဲ့ နေရာမှာ လှုပ်ရှားမှုများရင် နာကျင်မှုနဲ့ အဆစ်လွဲတာကို ပိုဆိုးစေနိုင်တာကြောင့် အနားယူဖို့၊ ထိခိုက်တဲ့နေရာကို ကာကွယ်ထားဖို့ လိုပါတယ်။
I - Ice (ရေခဲကပ်ပါ)
အအေးဟာ အရောင်ကျစေပြီး နာကျင်မှုကို ခဏတာ သက်သာစေနိုင်တာကြောင့် အဆစ်လွဲပြီး နာကျင်ရောင်ရမ်းတဲ့ နေရာကို ရေခဲကပ်ပေးထားလို့ရပါတယ်။
C - Compress (ဖိထားပါ)
ထိခိုက်တဲ့နေရာကို တစ်ခုခုနဲ့ ဖိထားတာမျိုး… ပတ်တီးစီးပေးထားတာမျိုးကလဲ ခဏတာ သက်သာဖို့ အထောက်အကူပြုနိုင်ပါတယ်။
Elevate - (မြှင့်ထားပါ)
အဆစ်လွဲတဲ့ နေရာကို မြှင့်ထားပေးတာကလဲ နာကျင်မှုနဲ့ ရောင်ရမ်းမှုတွေကို အထိုက်အလျောက် လျော့ကျစေပါတယ်။
ဒီနည်းလမ်း လေးခုနဲ့မှ မသက်သာရင် အကိုက်အခဲပျောက်ဆေး၊ အရောင်ကျဆေး စသဖြင့် သောက်ဖို့ လိုအပ်တာရှိနိုင်သလို… ဆရာဝန်ရဲ့ ညွှန်ကြားချက်အရ ဓါတ်မှန်ရိုက်ရတာမျိုးလဲ ရှိနိုင်ပါတယ်။ ဓါတ်မှန်အနေအထားအရ နေရာပြန်တည့်ရတာ၊ ခွဲစိတ်ရတာ စတဲ့ အခြေအနေအထိ ကုသရတာမျိုးလဲ ရှိနိုင်ပါတယ်။
ဒါ့ကြောင့် အဆစ်လွဲတဲ့ ပြဿနာဟာ လူတိုင်းကြုံတွေ့နိုင်ပြီး တခါတရံ သူ့အလိုလို ပြန်ကောင်းသွားတာလဲ ရှိနိုင်သလို.. ခွဲစိတ်ကုသရတဲ့အထိလဲ ပြင်းထန်နိုင်ကြောင်း ဗဟုသုတရစေဖို့ မျှဝေလိုက်ရပါတယ်။
ယုဝါ (ဆေးဝါးကျွမ်းကျင်)